Friday, December 9, 2016

အိပ်မက်ဆိုးများ လွန်လေသော် - (၃)




ဒဂုံစင်တာရှေ့ရောက်တော့ မှောင်ရီသန်းလုပြီ။ ဟိုမှသည် သွားလာနေကြသော လူများစွာကြားတွင် ရည်ရည်မွန် ဆိုသော မိန်းကလေးကို မည်သို့ ရှာရပါ့။ သူမကတော့ သူ့ကို မြင်လျှင် သိသည်ဟု ပြောသည်။ ငယ့် သူငယ်ချင်းဆိုတော့လည်း မိမိဓါတ်ပုံကို မြင်ဖူးထားလို့နေမှာပေါ့လေ။ ဖုန်းဆက်လိုက်ရန် စိတ်ကူးပြီး နံပါတ်နှိပ်ရန်ပြင်တော့ အနားသို့ မိန်းကလေးတစ်ဦးရောက်လာသည်။ တီရှပ် အဝါရောင်လေးနှင့် နီညိုရောင် စကပ်ရှည်ဝတ်ထားသော ထို မိန်းမငယ်က..


“ကိုမိုးသောက်လင်း ဟုတ်ပါတယ်နော်..”

“အော.. ဟုတ်ကဲ့ခင်ဗျ..”

“ကျမ ရည်ရည်မွန်ပါ..”

“ဟုတ်ကဲ့ တွေ့ရတာ အရမ်းဝမ်းသာပါတယ်.. သွေးသွေး ရှိနိုင်မယ့်နေရာကို မရည်ရည်မွန် သိမယ် ထင်တယ်နော်..”

“ကျမတို့ တစ်ခုခုစားရင်း ပြောကြမယ်လေ.. ရှင် ထမင်း စားပြီးပြီလား..”

“အမှန်တော့ မနက်ကလေးစာပါ မစားရသေးတာ ခင်ဗျ..”

“ဟောတော့်.. ကဲ လာလာ..”


          နှစ်ဦးသား စကားအေးအေးဆေးဆေး ပြောနိုင်သည့် ဆိုင်လေးတွင် ထိုင်ဖြစ်ကြသည်။ ရည်ရည်မွန် ဆိုသော မိန်းကလေးက အမည်နှင့်လိုက်အောင် ရည်မွန် သွက်လက်သူပင်။ ငယ်နှင့် ရွယ်တူဆိုတော့ မိမိထက် လေးငါးနှစ်တော့ ငယ်မည်။ စူးရှ ထက်မြက်သော မျက်ဝန်းအကြည့်တို့တွင် ရဲရင့် သွက်လက်မှုတို့ ပါဝင်နေသော ထို မိန်းကလေးကို ကြည့်ရင်း ချစ်ရသူ၏ ကြည်လင်သော မျက်နှာလေးကို ပြန်မြင်နေမိသည်။ ရယ်ရွှင်ဖွယ်စကားလေးများ တီတီတာတာ ဆိုတတ်သော ငယ့် မျက်လုံးလေးတွေက ရည်ရည်မွန့်လို အရောက် လက်မနေ။ ချောင်းသာတွင် အတူရှိခဲ့သည့် ရက်အတွင်း တစ်ချက်တစ်ချက် သူ့မျက်နှာကို ငိုင်ငိုင်လေး ကြည့်တတ်သေးသည်။ ထိုစဉ်တုန်းက ချစ်စိတ်မွှန်နေ၍ သတိမထားမိခဲ့။ ခုမှ ပြန်တွေးတော့ ချစ်သူ့ မျက်ဝန်း လှလှလေးထဲမှ သောကရိပ်ကို သူ ခံစားမိလာသည်။ ဘာပဲဖြစ်ဖြစ် ခုချိန်တွင် သူ့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသော ရည်ရည်မွန့်ကို အတိုင်းထက် အလွန် ကျေးဇူးတင်မိသည် အမှန်ပင်။


“ဘာစားမလည်း ကိုမိုးသောက်လင်း..”

“ကော်ဖီပဲ သောက်မယ် မရည်ရည်မွန်..”

“သွေးသွေး ခေါ်သလို အမွန်လို့ပဲ ခေါ်ပါ ကိုမိုးသောက်လင်း.. ရင်းရင်းနှီးနှီးပေါ့..”

“ဟုတ်ကဲ့ဗျ.. ကျေးဇူးတင်ပါတယ် အမွန်.. ကျနော်က ရပ်ကွက် ရုံးသွားဖို့တောင် လုပ်နေတာ..”

“အွန်.. လူပျောက်ကြော်ငြာမို့လား..”

“မနောက်ပါနဲ့ဗျာ.. ကျနော် တကယ် ရူးချင်နေတာ.. အခု တည်းနေတဲ့ အခန်းပိုင်ရှင်ကို စုံစမ်းလိုက်ရင် ငယ်.. အဲ.. သွေးသွေးကို တွေ့ရဘို့များ နီးစပ် မလားလို့ပါ..”

“အွန်း.. သည်လိုကျ ရှင် တော်သားပဲ.. အမှန်တော့ ကျမရှင့်ဆီ နေ့ခင်းကတည်းက ဖုန်းဆက်နေတာပါ.. သွေးသွေး ပြန်မရောက်တာ သိသိချင်း ဆိုပါတော့နော်..”

“ဘယ်လို ဘယ်လို.. ငယ်.. ပြန်မရောက်ဘူး ဟုတ်လား.. ဟာ.. ဒါဆို..”

“အွန်း.. သိပ်တော့လည်း စိတ်မပူပါနဲ့.. ကျမ အကြောင်းစုံ ရှင်းပြပါ့မယ်.. အရင်ဆုံး ရှင် တစ်ခုခု စားသင့်တယ်..”

“ရတယ်.. ကျနော် မဆာပါဘူး.. စိတ်ထဲမှာ မရှင်းတာတွေ အရမ်းများနေတယ်ဗျာ.. အမွန် တတ်နိုင်သလောက် ကျနော့်ကို ကူညီပေးပါ.. ကျနော် တကယ်ကျေးဇူးတင်ပါတယ်..”


          ချစ်သူပျောက်အတွက် စိတ်ပူနေသည့် သူ့ ရုပ်သွင်က မြင်ရတာ ရင်မောစရာ။ ပုံမှန်အားဖြင့် တည်ကြည်သောရုပ်ရည်ပိုင်ရှင် ဖြစ်သော်လည်း သောကကြောင့် မျက်နှာက သုန်မှုန်နေသည်။ ဂျင်းပင်တစ်ထည်နှင့် ရှပ်အကျီကလည်း ကြုံသလို ကောက်စွပ်လာပုံပင်။ ခေါင်းလည်း ဖြီးထားပုံမရ။ ငုတ်စိစိ ပြူထွက်နေသော နှုတ်ခမ်းမွှေး ပါးသိုင်းမွေး များနှင့်။ ကြည့်ရတာ သည်လူ သည်နေ့အဖို့ မျက်နှာတောင် သစ်ရသေးရဲ့လား။ အနောက်နိုင်ငံမှာ အနေကြာသူမို့ အသားအရေကတော့ဖြင့် စိမ်းဖန့် ဝင်းစိုနေသည်။ မြင့်မားသော အရပ်မောင်းနှင့် ကိုယ်နေဟန်ကလည်း အချိုးကျနပုံပင်။ မျက်နှာထားက မှုန်တေတေ ဖြစ်နေသော်လည်း စကားပြောဆိုပုံက တည်ငြိမ်ပြေပြစ်သည်။ မျက်လုံးအကြည့်နှင့် အမူအရာလည်း အေးဆေးသည်။ ကြည့်တာနှင့်ပင် လူကြီးလူကောင်းတစ်ယောက်မှန်း သိသာသော သည်လို ယောင်္ကျားမျိုးကို မိမိ အနေနှင့် စိတ်ချမိသည် အမှန်ပင်။ ပြီးတော့ သူက သွေးသွေး ဘဝ အတွက် တကယ်အရေးပါသော သူဟုလည်း စိတ်က အလိုလို သတ်မှတ်လိုက်မိသည်။


“ကျမ လည်း သွေးသွေး ဒီလိုတွေ လုပ်မယ် မထင်မိဘူးလေ.. ရှင်တို့ ပြန်လာပြီ ဆိုတဲ့နေ့က သူကျမဆီ လမ်းကနေ ဖုန်းဆက်သေးတယ်..”

“အွန်း.. အဲ့အချိန် ကျနော် အနားမှာ ရှိတယ်..”

“သူ့ အိမ်မပြန်ဘဲ ကျမဆီ ဝင်အိပ်မယ်ပြောတယ်လေ.. ကျမလည်း သူလာရင် အိပ်နေကျ အခန်းကို ဝင်ရှင်းလိုက်တယ်.. အဲ့ဒီမှာ ခေါင်းအုံးအောက်က မမ်မိုရီစတစ်လေးတစ်ခု တွေ့လို့ ကျမ ဖွင့်ကြည့်လိုက်တယ်.. သူ့ ဒိုင်ယာရီ ဆိုပါတော့.. ရှင့်ကို ပေးဘို့ ရေးခဲ့တာ ဖြစ်မယ် ကိုမိုးသောက်..”

“ကျနော့် အိပ်ယာအောက်မှာလည်း တွေ့တယ်ဗျ.. ပထမက ဘာမှန်း မသိတာနဲ့ ကျနော် ဖွင့်မကြည့်မိဘူး.. ကျနော်နဲ့ ပတ်သက်နေမယ်လည်း မထင်ဘူးလေ.. နောက်ဆုံး ဘယ်လိုမှ အဆက်သွယ်မရတော့မှ ကျနော် အရမ်းစိတ်ပူလို့ ဖွင့်ကြည့်မိတယ်..”

“ဘာတွေ့လည်း..”

“ဓာတ်ပုံ တစ်ချို့နဲ့ စာလေးတစ်ကြောင်းတည်းပါတဲ့ Word File တစ်ခုပါ.. စာလေးက သူ့ကို ဘယ်တော့မှ မမုန်းပါနဲ့ တဲ့ဗျာ.. ”

“ဓာတ်ပုံ.. ဟုတ်လား.. ဘာပုံတွေလဲဟင်..”

“သူ့ပုံလေးတွေပါ.. မနက်အိပ်ရာနိုးချိန်ကနေ ညအိပ်တဲ့ အချိန်ထိ လှုပ်ရှားမှု ပုံစံလေးတွေ ရိုက်ပေးထားတာ.. ကင်မရာကို အော်တိုချိန်ပြီး ရိုက်ပေးတာနေမယ်.. သဘာဝလှုပ်ရှားမှုလေးတွေပေါ့..”

“ဒါဆို ရိုးရိုး အလှဓာတ်ပုံတွေပေါ့.. တကယ် အဲ့ဒါပဲလား ကိုမိုးသောက်.. ရှင်သေသေချာချာ မကြည့်ဖြစ်သေးတာများလား..”

“တစိမ့်စိမ့်တော့ ထိုင်မကြည့်ရသေးဘူးပေါ့ဗျာ.. ဒါပေမယ့် သေချာပါတယ်.. ဘာဖြစ်လို့လဲ အမွန်..”

“ဟူးး.. ဒါဆို ကျမ ထင်တာနဲ့ လွဲပြန်ပြီပေါ့.. ကျမတွေ့တဲ့ စတစ်ထဲမှာ သူကြုံခဲ့တာတွေ အသေးစိတ်ရေးထားတယ် ကိုမိုးသောက်.. ကျမစိတ်ထင် သူရှင့်ကို အကုန်ဖွင့်ပြောပြီ ထင်တာ.. ခုတိုင်းဆို မဟုတ်ပြန်ဘူးပဲ..”

“ဘာတွေလဲဗျာ.. အော်သာ ငိုလိုက်ချင်တာပဲ.. ကျနော့်ကို ဘာမှ ချန်မထားဘဲ ပြောပြပေးနိုင်မလား အမွန်.. အခု သူနဲ့ကျနော် ပတ်သက်မှုက သာမန်သမီးရည်းစား အဆင့်လည်း မဟုတ်တော့ဘူးဗျာ.. အခုကိစ္စက ကျနော့်ဘက်က တစ်ခုခုသိရမှ ကျနော်ဘာဆက်လုပ်မလဲ ဆုံးဖြတ်ရမှာ..”

“ဟုတ်ပါတယ်.. ကျမလည်း ဒီလိုတွေးလို့ ရှင့်ကို ဆက်သွယ်ခဲ့တာလေ.. တကယ်က ရှင်တို့ မသွားခင်ညက သွေးသွေး ရေချိုးနေတုန်း ရှင့်ဖုန်းကို ကိုင်လိုက်တာ ကျမပါ.. ကျမ အကျင့်က ဖုန်းနံပါတ်တွေကို အလွတ်ရမြန်တယ် ဆိုပါတော့.. မှတ်မိလွယ်တဲ့ နံပါတ်မို့လည်း ပါမှာပေါ့လေ.. ဒါကြောင့်မို့ ဒီနေ့ရှင့်ကို ဆက်သွယ်လိုက်နိုင်တာ..”

“အော်.. ဟုတ်ကဲ့.. ကျေးဇူးပါဗျာ..”

“ကျမ တွေ့လိုက်တဲ့ စတစ်ထဲမှာ သူ့ အကြောင်းတွေ အသေးစိတ် ရေးထားတယ်.. နောက်ဆုံး Page မှာ သူရှင့်ကို နှုတ်ဆက်ထားတယ် ကိုမိုးသောက်.. ရော့ဒီမှာ.. အိမ်ပြန်ရောက်ရင် ဖတ်ကြည့်ပေါ့နော်.. ဒါပေမယ့် ရှင့်အခန်းမှာ ထားခဲ့တဲ့တစ်ခုထဲ ဘာမှ မပါဘူး ဆိုရင်တော့ သူ့ နောက်ဆုံး စိတ်ကူးက ရှင့်ကို ဘာမှ မပြောတော့ဘဲ ထွက်သွားဘို့ ဆုံးဖြတ်လိုက်တာဖြစ်မယ်..”

“ဟာ ဗျာ.. ကျနော်..”

“ခဏလေး ကိုမိုးသောက်.. ကျမ အေးအေးဆေးဆေး ပြောပြပါ့မယ်.. တကယ်တမ်း သွေးသွေးက အရမ်း သနားဘို့ ကောင်းတာပါ.. သူ ရှင့်ကိုလည်း သိပ်ချစ်ရှာတာ.. ဒါပေမယ့် အတိတ်ကိုကြောက်တဲ့ စိတ်က ပိုလွန်းနေတော့ ခုလိုတွေ ထင်ရာ လျှောက်လုပ်ကုန်တာ.. အခု ကျမ သူ့ အကြောင်း ရှင့်ကို အကုန် ပြောပြပါ့မယ်.. တစ်ခုတော့ တောင်းဆိုချင်တယ်.. ရှင် ဘာဆက်လုပ်မလဲ ဆိုတာ ကျမကို အရင် အသိပေးစေချင်တယ် ကိုမိုးသောက်..”

“ဟူးးး.. စိတ်ချပါ အမွန်.. ကျနော့်ကို ခုလို လိုလိုလားလား ကူညီတာပဲ ကျေးဇူးတင်လှပါပြီဗျာ..”

“ဟုတ်ပါပြီ.. ကျမ အနေနဲ့လည်း ရှင့်ကို ယုံကြည်မှု ရှိလို့သာ ကူညီတာပါ.. ဒီလိုပါ ကိုမိုးသောက်.. သွေးသွေး မှာ ချစ်သူတစ်ယောက် ရှိခဲ့ဘူးတယ်.. ကျမတို့ နောက်ဆုံးနှစ် တုန်းက ဆိုပါတော့နော်.. သူ့နံမည်က ဥဂ္ဂါ တဲ့………. ……………. ………….. ……….. …………….”


          ဇာတ်လမ်း ဆုံးသွားတော့ သက်ပြင်းရှည်တစ်ချက် ချမိသည်။ တကယ်တမ်း သည်ကိစ္စက ခုလို ကို့ကို ရှောင်ထွက်သွားဘို့အထိ လိုလို့လား ငယ်ရယ်။ စိတ်ထဲက ပြောရင်း အဝေးသို့ ငေးနေမိသည်။ ငယ်ရယ် တကယ်ဆို ကို့ကို ဟိုးတုန်းကတည်းက အမှန်တိုင်းပြောပြ ခဲ့ရမှာ။ ကိုက ငယ့်ကို နားလည်မှု မပေးမယ့်သူမှ မဟုတ်ဘဲကွာ။ ဒါကြောင့် သူတို့နှစ်ဦး ပထမဆုံး ဆက်ဆံစဉ်က သူမ ပုံစံ မူမမှန်ဖြစ်နေခဲ့တာကိုး။ အတွေ့အကြုံ ရှိဖူးသော မိန်းကလေးတစ်ယောက်နှင့် လုံးဝ မတူတာတော့ သူ ကောင်းကောင်း သတိထားမိခဲ့သည်။ ငယ်လေးရယ်.. ကို စိတ်မကောင်းလိုက်တာကွာ။


          ပြောလက်စ စကားကို ခဏ ရပ်ရင်း အမွန် သူ့ကိုအချိန် ပေးလိုက်သည်။ တကယ်တမ်း အမွန့်စကားက မဆုံးသေး။ အရေးအကြီးဆုံး အပိုင်းကို ဆက်ပြောရန် သင့်မသင့် သူ့ စိတ်ကို တီးခေါက်ကြည့်ရဦးမည်။ အဘယ်ကြောင့် ဆိုသော် သူငယ်ချင်းရဲ့ အနာဂတ်ကို ကာယကံရှင် ကိုယ်စား အမွန်က ဝင်စီမံသလို ဖြစ်တော့မည်ကိုး။ ငယ်စဉ်ကတည်းက မိမိ အပေါ် ကျေးဇူးကြီးခဲ့သော သည်မိသားစုကို အမွန် တနည်းနည်းနှင့် တုန့်ပြန်လိုပါသည်။ အထူးသဖြင့် သူမအပေါ် ညှာတာစိတ်နှင့် အမြဲ တန်းတူထား အရေးပေးခဲ့သော ပန်းနုသွေးပေါ့။ ကလေးဘဝ တုန်းက သွေးသွေးအပေါ် သူမ မနာလိုစိတ်ထားခဲ့မိဖူးသည်။ သူမက ဗွေမယူသည့်အပြင် ဘာကိစ္စမဆို အမွန့်ကို အမြဲ ဦးစားပေးခဲ့၏။ နောက်ဆုံး အခု နှစ်ဦး တူ လုပ်နေကြသည့် လုပ်ငန်းလေးတွင်ပင် အမွန့်ခြေ အမွန့်လက် ဖြစ်ခဲ့ရသည်လေ။ အမွန်  ပြောသမျှ ပြုံးပြုံးလေးနှင့် လက်ခံပေးတတ်သူ။ အမွန် မှားနေရင်တောင် အထက်စီး လုံးဝ မဆန်သော စကားလေးများနှင့် နားချတတ်သူ သူငယ်ချင်းမလေး။ 


“ကိုမိုးသောက်..”

“ဟုတ်ကဲ့ ပြောပါ အမွန်..”

“ရှင်ဘာတွေ တွေးနေလည်း သိချင်လို့ပါ..”

“ဘာတွေးစရာ လိုမှာလည်းဗျာ.. ဒါက (၂၁) ရာစုပါ.. သူပြောဖူးတယ်ဗျ.. သူ့မှာ ချစ်သူ ရှိခဲ့ဖူးတယ်.. အဲ့ဒီလူနဲ့ နယ်ကျွံခဲ့ဖူးတယ်တဲ့.. လမ်းခွဲလိုက်တာ ကြာပြီလို့ ပြောတယ်.. သူပြောခဲ့တဲ့ပုံစံက ခုလို အခြေနေတောင် မဟုတ်ဘူး.. သူတို့ နှစ်ဦးသဘောတူ ချစ်ခဲ့သလိုမျိုး..”

“အွန်း ကျမ အမြင်တော့ သူ အပျိုစင်လေး မဟုတ်ဘူးဆိုတာကို ရှင်သိအောင် တစ်ဘက်လှည့်နဲ့ ပြောပြတာ ဖြစ်မယ်.. အဲဒီတုန်းက ရှင့် စိတ်က..”

“ဟားး.. ဘာဖြစ်ရမှာလည်းဗျာ.. ကျနော်ချစ်တာ သူ့ကိုလေ.. ဟူးး.. ဒီခေတ်ကြီးမှာ ရည်းစားထားဖူးတာ အတူနေဖူးတာလောက်နဲ့ ကျနော်က ဘာဖြစ်ရမှာလည်း.. ကျနော်နဲ့ မတွေ့ခင်က ကိစ္စအတွက် ကျနော်က ဘာဖြစ်ရမှာလဲဗျာ.. သူတစ်ခုလပ် ကလေးအမေ ဖြစ်နေလည်း ကျနော် သူ့ကို ချစ်မှာပဲ..  နောက်ဆုံးဗျာ.. ခုချိန်မှာ သူက ကျနော်သိထားသလို လွတ်လပ်တဲ့ မိန်းကလေး မဟုတ်ဘူး ဆိုရင်တောင် ကျနော် သူ့ကို ချစ်မိတာအတွက် နောင်တ မရဘူးအမွန်.. သူ့ ဘဝကို မဖျက်ဆီးချင်လို့ ကျနော် နောက်ဆုတ်မယ်.. ဒါပေမယ့် ရင်ထဲက ဆက်ချစ်ပိုင်ခွင့် ကျနော့်မှာ ရှိတယ်.. ဒါက ဘယ်သူမှ တားလို့ မရတဲ့ ကျနော့် လွတ်လပ်ပိုင်ခွင့်..အခု ခင်ဗျားပြောသလိုဆို သူ့နားကို ကျနော် အမြန်ဆုံး ရောက်ဘို့လိုနေပြီဗျ..”


          လှိုက်လှိုက်လှဲလှဲ ပြောချလိုက်သော စကားများကြောင့် သည်လူ့ကို အမွန် တကယ်ပဲ လေးစားမိပါသည်။ သူ အပိုတွေ ပြောနေတာ မဟုတ်မှန်းလည်း အမွန် ခံစားလို့ ရသည်ပဲလေ။ နင် လူရွေး မမှားဘူး သွေးသွေးရေ.. ပေါက်ကရတွေတွေးပြီး ထင်ရာလုပ်နေမယ့်အစား ကိုမိုးသောက် အရိပ်မှာ နင် အနားယူသင့်တယ်.. သူက နင့်ကို တကယ် အရိပ်ပေးနိုင်တဲ့ ချစ်သူပါဟယ်.. စိတ်ထဲက ပိုင်ပိုင်နိုင်နိုင် တွေးရင်း..


“လေးစားပါတယ် ကိုမိုးသောက်.. ကျေးဇူးလည်း တင်ပါတယ်.. ဒါပေမယ့် အခု ကျမပြောပြီးသလောက်က ကိုမိုးသောက်ပြောသလိုပဲ ဘာမှ မဟုတ်တဲ့ ကိစ္စလို့ ပြောလို့ရပါတယ်.. နောက်ပြီး သူ့မှာ နှစ်ဦးသဘောတူ နယ်ကျွံခဲ့ပြီးပြီလို့ ပြောခဲ့တာကိုတောင် ရှင်လက်ခံနိုင်မှတော့ ခုလို အလိုမတူဘဲ အနိုင်ကျင့် ခံရတာကို ရှင် ပိုနားလည်ပေးနိုင်မှာပဲလေ.. တကယ်တမ်း သွေးသွေး ရှောင်ထွက်သွားတဲ့ အဓိက အကြောင်းရင်းက နောက်တစ်ခု ရှိသေးတယ် ကိုမိုးသောက်..”

“ဗျာ.. ဘာကျန်သေးတာလဲ အမွန်..ကျနော့်ကို ပြောပြမယ် မဟုတ်လား..”

“ပြောပြမှာပါကိုမိုးသောက်.. ဖြစ်ပုံက သည်လို..”


      တဘက်သို့ စောင်းလှည့်ကာ ငိုရှိုက်ရင်း ပန်းနုသွေး ပင်ပန်းလာသည်။ ပိပိလေး တွင်းမှလည်း တဆစ်ဆစ် နာကျင်လာ၏။ ရင်ထဲမှ လည်း စူးနင့် လို့နေသည်။ ဖြေးဖြေးချင်း အားယူက ထလိုက်တော့ လူက မိုက်ကနဲ။ မူးနောက်နောက် ဝေဒနာကို သက်သာစေရန် ခဏ ထိုင်နေရသေးသည်။ နဘေးကို လှည့်ကြည့်တော့ အိပ်မောကျနေသော ဥဂ္ဂါ။ စက်ဆုတ် ရွံရှာမှုကြောင့် မျက်ရည် ကျရပြန်သည်။ ကုတင်ခေါင်းရင်းတွင် တုပ်နှောင်ထားသော ဘရာနှင့် ခါးပတ်တို့ကို ၀မ်းပန်းတနည်း ငိုရင်းရှိက်ရင်းမှပင် ခက်ခက်ခဲခဲ ဖြုတ်ယူလိုက်ရ၏။ ကုတင်ပေါ်မှ ကြိုးစား ဆင်းလိုက်တော့ အိပ်ရာခင်း ဖြူဖြူပေါ်တွင် သွေးစက်များ စွန်းထင်းနေသည်။ လူငယ်တို့၏ သဘာဝ ချစ်မှုရေးရာသည် ဆန်းကျယ်လှသော အရာ မဟုတ်သောငြား မိမိ အပျိုစင်ဘဝကို သည်ပုံစံနှင့် ဆုံးရှုံးခံရမည်ဟုတော့ သူမ တွေးမထားခဲ့ချေ။ ဥဂ္ဂါနှင့် သူမကြားတွင် မတူညီသော စရိုက်လက္ခဏာများစွာ ရှိနေသည်။ မိမိချစ်သူဖြစ်ရုံမျှဖြင့် တစ်ဘဝလုံးလက်တွဲနိုင်ဘို့မသေချာသေးသည့် အခြေအနေတွင် လိင်ကိစ္စ ပတ်သက်ရန် ခွင့်မပြုနိုင်ခဲ့ခြင်းသည် သူမ မှားပါသလား။


          ကုတင်ပေါ်မှ ဆင်းကာ အ၀တ်အစားများ ခပ်သွက်သွက်ပြန်ဝတ်၊ ရေချိုးခန်းအတွင်း ဝင်ပြီး ကိုယ်လက် သန့်စင်လိုက်သည်။ လမ်းလျှောက်ရတာလည်း အဆင်မပြေ။ ဆီးသွားတော့လည်း ပိပိလေး အတွင်းမှ တဆစ်ဆစ် ကိုက်ခဲနေသည်။ ဝေဒနာကို အံကျိတ်ရင်း အိမ်ပြန်နိုင်ရန် သူမ ကြိုးစားခဲ့၏။ လိုချင်တာ ရသွားသော ဥဂ္ဂါကတော့ အိပ်မောကျတုန်း။ လူက မူးနောက်နေသေးသည်မို့ သူမတစ်ယောက်တည်း အိမ်ပြန်ရန် မဖြစ်နိုင်။ လူယုတ်မာကိုလည်း မနှိုးချင်။ သူငယ်ချင်း အမွန့်ထံ ဖုန်းလှမ်းဆက်ရတော့သည်။ အမွန် တစ်ယောက်လည်း ထိတ်ထိတ်ပြာပြာ ဖြစ်သွားရရှာသည်။ အမွန့်ကားရောက်လာသည်အထိ ဥဂ္ဂါ မနိုး။ သူငယ်ချင်း ရင်ခွင်တွင် မျက်နှာအပ်ကာ ငိုရပြန်ပါ၏။ မိဘများ မရိပ်မိအောင်တော့ သူမတို့နှစ်ဦး ကြိုးစားနိုင်ခဲ့သည်။ စာမေးပွဲ ပြီးသည်အထိ ဥဂ္ဂါနှင့် မျက်နှာချင်း မဆိုင်ဖြစ်ခဲ့။ နောက်ဆုံးနှစ် စာမေးပွဲကို စိတ်အနှောက်အယှက်များစွာ ကြားမှပင် သူမ ကောင်းစွာ ဖြေဆိုနိုင်ခဲ့၏။ စာမေးပွဲပြီး နောက်တစ်နေ့တွင်တော့ သူမ ထင်မထားသော ပြဿနာဆိုးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့သည်။


“ငါကိုယ်တိုင် သွားပြောရမလား နင်ပြောပေးမှာလား အမွန်..”

“နင်လည်း သူ့ကို တကယ်ချစ်ခဲ့တာမှ မဟုတ်ဘဲ ဥဂ္ဂါ.. နင်လိုချင်တာလည်း ရပြီးပြီပဲဟာ.. သူ့ဘာသာ နေပါစေတော့လား..”

“ဟေ့အေး.. ငါ သူ့ကို ယူမှာ..”

“သူ့ ဘက်က မဖြစ်နိုင်တော့ဘူးလေ..”

“မဖြစ်နိုင်လို့ မရဘူး အမွန်.. သူ ငါ့ကို နောက်ထပ် ငြင်းရင် သူ့ဘဝ ပျက်သွားအောင် ငါလုပ်ပစ်မယ်..”

“နင် မိုက်ရိုင်းလှချည်လား ဥဂ္ဂါ ဟင်.. နင့်မှာ နှမ မရှိတိုင်း နှမချင်း မစာနာတဲ့ကောင်..”

“အေး မိုက်ရိုင်းတယ်ဟာ.. ဘာဖြစ်လဲ.. နင့်ကောင်မကေ--ာက်ရေးမပါ.. ပေါင်ကြားက ဟာကို တန်ဘိုးထားနေတာ.. ပြောလိုက် ငါ့ကို အတွေ့မခံရင် ငါ့အကြောင်း သိမယ်လို့..”

“နင်.. နင် တကယ့်လူယုတ်မာ.. ခွေးကောင်.. လုပ်လေ.. နင် လုပ်လို့ရတာရှိရင် လုပ်ကြည့်လိုက်.. ငါပြောမယ် ဥဂ္ဂါ.. နင့်လိုကောင်မျိုးလက်ထဲ ငါ့သူငယ်ချင်းကို ထည့်မယ့်အစားတော့ ခွေးကို အမြီးဖြတ်ပြီးပေးစားလိုက်မယ် မှတ်ထား..”

       
          နောက်တစ်နေ့ မနက်လင်းတော့ ပန်းနုသွေး၏ မေးလ် ထဲတွင် ဥဂ္ဂါ ပို့လိုက်သော စာတစ်စောင်နှင့် ဓာတ်ပုံများ။ သူ့ကို ငြင်းလျှင် အင်တာနက်တွင် တင်လိုက်မည်ဟူသော စာနှင့်အတူ ပန်းနုသွေးကို သူ အားပါးတရ အနိုင်ကျင့်ခဲ့စဉ်က ရိုက်ယူထားသည့်ပုံများဖြစ်သည်။ ပုံများထဲတွင် ပန်းနုသွေး၏ မျက်နှာသာမက တကိုယ်လုံး၏ မမြင်အပ်သော နေရာ အစုံ။ အဆိုးဆုံးက ထိုပုံများကို မြင်လျှင် အနိုင်ကျင့် ခံရသော မိန်းကလေးတစ်ဦးနှင့် မတူဘဲ နှစ်ဦး အလိုတူ ဆက်ဆံနေသည့် အတိုင်းပင်။ ထိုပုံများကို ကြည့်ရင်း ပန်းနုသွေး သတိလစ် မူးမေ့ကာ ဆေးရုံတင်လိုက်ရသည်အထိ ခံစားခဲ့ရသည်။ ပင်ကိုယ် စိတ်အားပျော့သူမို့ သူမ အိပ်ရာထဲ လဲသွားရခြင်းကို နောက်ဆုံးနှစ်စာမေးပွဲ၏ ဖိစီးမှုကြောင့်ဟု အမွန်မှလွဲ၍ အားလုံးက ထင်ခဲ့ကြသည်။ မိဘဆွေမျိုး အသိုင်းဝိုင်း တစ်ခုလုံး၏ သိက္ခာနှင့် သက်ဆိုင်နေသော သည်ဖြစ်ရပ်ဆိုးကို သူမ အသက်ရှုတိုင်း တွေးမိနေကာ ထိတ်လန့်ခဲ့ရသည်။ လူကြားထဲလည်း မသွားရဲ။ ထိုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်လည်း ယောင်လို့ပင် မတက်ရဲ။ အသက်ရှင်လျှက်နှင့် ဘဝသေခဲ့ရသည့် ခံစားချက်ကြောင့် ငယ်စဉ်ကတည်းက သိပ်မကောင်းလှသော ကျန်းမာရေးပင် ပိုတိုး၍ ထိခိုက်လာခဲ့ရတော့၏။


      အမွန့်စကား ဆုံးတော့ သူ့ သွေးများ ပွက်ပွက် ဆူလာသည်အထိ စိတ်ထိခိုက်မိခဲ့ရသည်။ ဖြစ်မှ ဖြစ်ရလေ ငယ်ရယ်.. ဒါကြောင့် ကို နဲ့ လူချင်း မတွေ့ရ မချင်း မျက်နှာကို အသိမခံခဲ့တာကိုး။ သူမ စိတ်ထဲတွင် သူမ၏ ပုံများ အင်တာနက်တွင် နံမည်ဆိုးများဖြင့် ပျံ့နှံ့ နေပြီဟု တွေးကြောက်နေခြင်း ဖြစ်မည်။ သည် အတိတ်ဆိုးရဲ့ ခြောက်လှန့်မှုကိုသူမ ရက်ပေါင်းများစွာ ခံစားခဲ့ရရှာသည်ပဲ။ မိကောင်းဖခင် သားသမီးတစ်ဦးအနေနှင့် မည်မျှ စိုးထိတ်ရှာမည်လဲ။ သည်ကြားထဲ သူမ အသိုင်းအဝိုင်းက မြန်မာပြည်တွင် ထိပ်တန်း မဟုတ်တောင် လူသိ မနည်းလှသော အသိုင်းဝိုင်းမျိုးဖြစ်သည်။ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဟာ ထိန်းသိမ်း နိုင်လွန်းပြန်တော့လည်း မလွယ်လှပါလား။ လောကမှာ သည်လောက် လူမဆန်တဲ့ ယောင်္ကျားမျိုး ရှိနေတာ ယောင်္ကျား ဈေးပင် ကျသေးတော့သည်။


“ဟူးးး.. နောက်တော့ ဘာဆက်ဖြစ်လဲ အမွန်.. တကယ်ပဲ ငယ့်.. အဲ သွေးသွေး ပုံတွေ လိုင်းပေါ် ရောက်ကုန်လား.. ကျနော်တော့ သတိ မထားမိသလိုပဲ.. ကျနော်ကအွန်လိုင်ဖိုရမ်တော်တော်များများနဲ့အကျွမ်းတဝင်ရှိတဲ့သူပါ..သည်လိုကိစ္စမျိုးက ပျံ့ သွားရင် ဟိုးလေးတကျော်ကျော်လေ..”

“ခုထိတော့ အဲ့ပြဿနာ ပေါ်မလာသေးဘူး ထင်တာပဲ ကိုမိုးသောက်ရယ်.. ဘာလို့ဆို ဥဂ္ဂါက ဆေးမှုနဲ့ အဖမ်းခံလိုက်ရတယ်လေ.. အခု ထောင်ထဲမှာ..”

“အော.. ကျနော် သဘောပေါက်ပြီ.. သူဘာမှ မလုပ်နိုင်ခဲ့ဘူးပေါ့..”

“အွန်း.. ဒါပေမယ့် သွေးသွေး ကြောက်စိတ်က မပျောက်ဘူးလေ.. ပိုလွန်းတယ်တော့ မပြောရက်ဘူး ကိုမိုးသောက်ရယ်.. သူက ကာယကံရှင်လေ.. နောက်ပြီး ပိုဆိုးတာက ဥဂ္ဂါ လွတ်ရက် နီးနေပြီ ကိုမိုးသောက်.. ကျမ သိရသလောက် သည်နှစ်ကုန်လောက် ထင်တယ်.. သူလွတ်လာရင် ဆိုတဲ့ အတွေးက သွေးသွေးကို အမြဲ နှိပ်စက်နေခဲ့တာပါ..”

“ကျနော် နားလည်ပါတယ်အမွန်.. သူ့ပုံစံ သူ့စရိုက်နဲ့ ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်မယ့် ကိစ္စပဲကိုး.. သနားပါတယ်ဗျာ.. ဒီလောက် လုပ်ရက်တဲ့လူမျိုး အတော်လေး ရှားမှာပါ.. ငယ်လေး ကံဆိုးသွားတာ..”

“ဒီကြားထဲမှာ သူ့ကို မိဘတွေကနေတဆင့် အိမ်ထောင်ဖက်အဖြစ် ကမ်းလှမ်းကြတဲ့သူတွေ ရှိတယ် ကိုမိုးသောက်.. အကုန်လုံးကို သူ ငြင်းခဲ့တာချည့်ပဲ..”

“ဥဂ္ဂါ လွတ်လာရင် လက်တွဲဘို့ ဆုံးဖြတ်ထားတာမျိုးများလား.. ဖြစ်ပြီးသွားတဲ့တူတူ ဆိုပြီးလေ..”

“အဲ့ဒါတော့ လုံးဝမဟုတ်ဘူး.. ဥဂ္ဂါက သူ့ဘ၀ကို ချုပ်ကိုင်ထားတာ မှန်ပေမယ့် နစ်သထက် နစ်သွားမယ့် လမ်းကို သူ ဘယ်တော့မှ ရွေးမှာ မဟုတ်ဘူး.. သူ့စိတ်ကို ကျမ ကောင်းကောင်းသိတယ်.. သွေးသွေးက စိတ်ပျော့ပေမယ့် ဆုံးဖြတ်ပြီးရင် ခေါင်းမာတယ်.. ဖြစ်လာသမျှ သူ ရင်ဆိုင်မယ်လေ.. အသက်သာ အသေခံမယ်.. ဥဂ္ဂါကိုတော့ သူ လုံးဝ ရွေးမှာ မဟုတ်ဘူး ကိုမိုးသောက်.. အခုလည်း သူရှောင်ထွက်သွားရခြင်း အကြာင်းရင်းကဖြစ်ချင်းဖြစ်.. သူတစ်ယောက်တည်းတစ်သက်လုံးနေသွားဘို့ဆုံးဖြတ်တာပါ..”

“အာ ကျနော်ရှိသေးတယ်လေ ဗျာ.. သူ ဆုံးဖြတ်ချင်တိုင်း ဆုံးဖြတ်လို့တော့ မရဘူးလေ..”

“အင်း ကျမပြောတာက သူ့ဘက်က ဖြစ်ပျက်ခဲ့သမျှနဲ့ သူ့စိတ် အခြေအနေတွေပါ.. ဘာပဲဖြစ်ဖြစ် ရှင့်ကိုတော့ သူ အရမ်းချစ်ခဲ့တာ သေချာတယ် ကိုမိုးသောက်.. သူ့အကြောင်းတွေ ရှင့်ကို အမှန်အတိုင်း ပြောနိုင်ဘို့ သူကြိုးစားခဲ့မှာပါ.. ပြောမထွက်ခဲ့လို့ အရမ်းလည်း ပင်ပန်းခဲ့ပါတယ်.. သူ့ကျန်းမာရေးကလည်း သိပ်ကြီး ကောင်းလှတာ မဟုတ်ဘူးလေ.. ”

“ကျနော် သိတယ် အမွန်.. ဟူးးး ဒီလောက်ကိစ္စကြီးကို မြိုသိပ်ထားရတာ.. အရမ်း ပင်ပန်းခဲ့မှာပဲ.. ”

“ကဲ.. ကျမဘက်က ကူညီနိုင်သလောက်ကတော့ ဒါ အကုန်ပါပဲ ကိုမိုးသောက်ရေ..”

“ခင်ဗျာ.. အာ အမွန်.. ကျန်သေးတယ်လေဗျာ.. ခင်ဗျား ကျနော့်ကို သူ ရှိနိုင်တဲ့နေရာ မပြောရသေးဘူးလေ..”

“ရှင် လိုက်သွားမယ်ပေါ့..”

“မလိုက်လို့ ရမလားဗျ.. သည်ကိစ္စက သူ့ရှေ့ကနေ ကျနော် ဝင်ရှင်းရမယ့် ကိစ္စမဟုတ်ဘူးလား.. ”

“ရှင် အဲ့လိုတွေးတယ်လား..”

“ဟောဗျာ..”

“ကျမ ကျေးဇူးတင်လို့ပါ ကိုမိုးသောက်.. တကယ်ပါ.. ရှင့်လို လူမျိုးရဲ့ အချစ်ကို ရတာ သွေးသွေး အရမ်း ကံကောင်းတာပါ..”

“ကျနော့်လို လူတွေ လောက မှာ အများကြီးပါ အမွန်.. ငယ်လေးက တကယ် ရှားတဲ့ သူမျိုးနဲ့မှ သွားတွေ့ရှာတာ.. သူ ကံဆိုးသွားတာပါ..”

“အွန်း.. ခုတော့ သူ့ အဆိုးတွေ ကို မြေလှန်ပစ်မယ့် သူရဲကောင်း ကျမ တွေ့နေရပြီထင်ပါရဲ့..”

“တွေ့နေရင်လည်း သူရှိတဲ့နေရာ မြန်မြန်ပြောဗျာ.. ခုလောက်ဆို ကျနော့် ချစ်သူလေး တစ်ယောက်တည်း ငိုနေရှာမှာ..”

“ကျမ ကိုယ်တိုင် လိုက်ပို့ပါ့မယ် ကိုမိုးသောက်.. ကျမ ထင်တာတော့ သူ အဲ့ညက ရှင့်ဆီက အပြန် ပြင်ဦးလွင် တန်းတက်သွားတာ ဖြစ်မယ်..”

“ဟာ.. ပင်ပန်းလိုက်မယ့် ဖြစ်ချင်းဗျာ..”

“ခရီးသွား ကားနဲ့ သွားတာ ကိုမိုးသောက်.. သူ အကုန် ကြိုစီစဉ်သွားတာဖြစ်မယ်.. ကျမလည်း အဲ့ဒီမမ်မိုရီ စတစ်ကို တွေ့မှ တစ်ခုချင်း တွေးမိသွားတာ.. သူ ကျမကိုတောင် ဘာမှ ပြောမပြဘူးလေ.. ပြင်ဦးလွင်မှာ ခြံတစ်ကွက်ရှိတယ်.. အဲ့ဒါ ဝယ်တုန်းကတော့ ကျမ သိတယ်.. အိမ်လေးလည်း သူ့စိတ်ကြိုက် ဒီဇိုင်းလုပ်ပြီး ဆောက်ထားတာ.. ပြီးတာတောင် မကြာသေးဘူး.. ”

“ကျနော့်ကို ပြောဖူးတယ်ဗျ.. ပြင်ဦးလွင်ကို သူ သဘောကျတယ်ပေါ့.. ခြံဝယ်တာတော့ ကျနော် မသိဘူး..”

“အွန်း.. သူ ပြန်မရောက်တာရယ်.. ဖုန်းတွေလည်း ပိတ်ထားတာရယ်.. စတစ်ထဲက စာရယ်.. ဆက်စပ်တွေးပြီး ရှင့်ဆီလည်း ဖုန်းခေါ်မရတော့ ကျမလည်း မှန်းကြည့်တာပါ.. သူစီးနေကြ ဟိုင်းဝေးဂိတ်ကို ဆက်ကြည့်တော့ ဟုတ်တယ်.. ပြင်ဦးလွင် လက်မှတ် သူဝယ်ထားတာ ချောင်းသာ မသွားခင်ကတည်းကပဲ.. သူ့အိမ်ကိုတော့ တစ်ခုခု ပြောသွားမှာပါ.. ဒါပေမယ့် ကျမလည်း လွဲကုန်မစိုးလို့ သူ့အမေကို မမေးရဲဘူးလေ.. ပထမတော့ မနက်ဖြန် ကျမတစ်ယောက်တည်း လိုက်သွားမလို့ပဲ..”

“အာဗျာ..”

“အာ မဗျာနဲ့လေ.. ကျမ ရှင့်ဆီဖုန်းဆက်သားပဲ ရှင် ကိုင်မှ မကိုင်တာကိုး.. လိုက်လာရအောင်လည်း ရှင် တည်းတဲ့နေရာ ကျမ မသိဘူး.. ဖုန်းနံပါတ် အလွတ်ရနေတာပဲ ကျေးဇူးတင်ဦး..”

“တင်ပါတယ်ဗျာ.. ဖုန်းဆက်ပေးတာကော.. ခုလို ဖြစ်ကြောင်း ကုန်စင် ပြောပြပေးတာကော.. တကယ် ကျေးဇူးတင်ပါတယ်အမွန်.. ခင်ဗျားသာ ကျနော့်ထက် မငယ်ရင် ထိုင်ရှိခိုးတယ်ဗျာ အဟုတ်ပါ..”

“အမလေး အဲ့လိုတော့ မလုပ်ပါနဲ့.. ရှင် ကျမဆီ ပြန်ခေါ်လိုက်တာလည်း မှန်သွားလို့ပါ.. ကျမက ရှင် မကိုင်တော့ ကျမ မှတ်မိနေတဲ့နံပါတ်ကပဲ မှားနေသလားလို့ ထင်တာလေ.. ထပ်ဆက်ဘို့ အစီစဉ် တကယ်ပဲ မရှိတော့ဘူး.. ကဲကဲ စိတ်ပေါ့သွားရင် သောက်လိုက်ဦးလေ.. တနေကုန် ဘာမှ မစားရသေးဘူးဆို..”

“အမွန်..”

“ဟုတ်ကဲ့ ပြောပါ..”

“ဟိုလေ.. မနက်ထိ မစောင့်ဘဲ ခုည ထွက်ရင်ကောဗျာ.. ကျနော်မောင်းပါ့မယ်.. မဖြစ်ဘူးလားဟင်..”

“ခု ည.. မြတ်စွာ ဘုရား..”

“လုပ်ပါဗျာ.. ကျနော် သူ့ကို တအား စိတ်ပူနေလို့ပါ..”


          စိတ်အားထက်သန်စွာပြောနေသော ကိုမိုးသောက်လင်းကို ကြည့်ရင်း အမွန်ပင် စိတ်လှုပ်ရှားမိပါသည်။ သူပြောတာလည်း မှန်သည်ပဲလေ။ ခုလောက်ဆို သွေးသွေး တစ်ယောက်တည်း ငိုနေလောက်ပြီ။ နေမှ ကောင်းရဲ့လားပင် မသိ။ သူမလည်း သူငယ်ချင်းကို စိတ်ပူနေသည်ပဲ။ တစ်ယောက်တစ်လှည့် မောင်းသွားရင် ရန်ကုန်နဲ့ ပြင်ဦးလွင် ဘာဝေးတာ မှတ်လို့နော်။ တွေးရင်းနှင့် ပြုံးမိကာ..


“ကောင်းပြီလေ.. ကျမကတော့ ညဘက် မောင်းရဲဘူးနော်.. မိုးလင်းတဲ့ထိ ကျမ အိပ်မယ်.. မိုးလင်းတော့မှ ရှင်တစ်လှည့် နားပေါ့.. ဟုတ်ပြီလား..”

“ဟားးး… ကျေးဇူးအများကြီး တင်ပါတယ်ဗျာ.. တကယ်ပါ…”


        မြူခိုးလိုလိုနှင်းလိုလို မပီဝိုးတဝါးရှုခင်းတစ်ခု။ ခပ်လှမ်းလှမ်းတွင်မိမိကို ကျောခိုင်းကာ ရပ်နေသည့်သူမ။ “ငယ်…” လှမ်းခေါ်လိုက်ကာမှ အဝေးသို့ တရွေ့ရွေ့ထွက်သွားနေသည်။“ငယ်ရေးး… ” ခေါ်သံကို အတန်ငယ် မြှင့်ရင်း အနားသို့ ခပ်သွက်သွက် ပြေးသွားလိုက်၏။ ထိုစဉ် လေရူးကခပ်ကြမ်းကြမ်း တိုက်ခတ်သွားသည်။ လေနှင့်အတူ ပါလာသည်က နှင်းမှုန်တွေလား.. သဲတွေလား.. မျက်နှာရှေ့သို့ လက်နှင့် ရုတ်တရက် ကာလိုက်၏။ လေငြိမ်သွားသည့်ခဏ၊ မြင်ကွင်းလည်း ကြည်လင်သွားသည်။ သို့သော်သူမ မရှိတော့ချေ။ “ငယ် ရေးးး…”အရူးတစ်ယောက်လို အော်ခေါ်ရင်း အပြေးအလွှား လိုက်ရှာမိသည်။ တွေ့ပြီ.. ချောက်ကမ်းပါးထိပ်တွင် ရပ်နေသည့်ချစ်သူ။

       
         သည်မြင်ကွင်းကို သူ့မျက်ဝန်းထဲ မြင်ဖူးနေသလိုလို။ အိပ်မက်.. အိပ်မက်ဆိုး.. ဝိုးတဝါး အာရုံတို့က အိပ်မက်ဆိုး ဖြစ်ကြောင်း ကောင်းစွာ ရိပ်မိလိုက်၏။ ဒါ အိပ်မက်ကြီး.. ငါ မုန်းတဲ့ အိပ်မက်ကြီးပဲ.. ထစမ်း မိုးသောက်လင်း.. အိပ်မက်ဆိုတာ နိုးလာရင် အလိုလို ပျောက်ကွယ် သွားမှာ.. မင်း ထ လိုက်.. ခုချက်ချင်း ထ လိုက်စမ်း..။ စိတ်က သိနေသော်လည်း မည်သို့မျှ ထ မရ။ မျက်လုံးတို့ကို ကြိုးစားဖွင့်ပါသော်လည်း အချည်းနှီးပင်။ ခဏနေရင် ငယ်လေးချောက်ထဲခုန်ချတော့မယ်.. မရဘူး.. လုံးဝခွင့်မပြုနိုင်ဘူး.. သည်တစ်ခေါက် ရအောင် တားမယ်..“ငယ်ရေးး…”


“ငယ်ရေးးးး…၀ူးး..ဟူးး.. ”

“ကိုမိုးသောက်.. ကိုမိုးသောက်.. နိုးပြီလား..”

“အင်.. ဟင်..”

“နောက် တစ်နာရီလောက်ဆို ရောက်ပါပြီ.. ရှင် ဘာတွေ ယောင်အော်နေလည်း.. ကျမ တောင်လန့်သွားတယ်.. ကြည့်လည်း လုပ်ပါတော်.. သည်မှာ တောင်တက်လမ်းကို မောင်းနေရတာ.. ရှင့်ကြောင့် ကျမပါ ချောက်ထဲ ကျနေဦးမယ်..”

“ချောက်.. ဟုတ်လား..”

“အင်းလေ.. ရှင် ထ အော်တော့ ကျမလည်း လန့်တာပေါ့..”


         ဘယ့်နှယ်ကြောင့် ချောက်က ပါလာရတာပါလိမ့်။ အော.. သူ အခု ပြင်ဦးလွင်၏ တောင်တက်လမ်းပေါ် ရောက်နေသည်ပဲ။ ကားပေါ်တွင် အိပ်ပျော်နေရင်း လေးကြိမ်မြောက် မက်သည့် အိပ်မက်ဆိုး။ လူလူချင်းသာဆို သင်းကို ဆွဲထိုးမိမည်လား မသိပါချေ။ တစ်ရှုးဘောက်စ် ထဲမှ တစ်ရှုးတစ်ရွက် ဆွဲထုတ်ပြီး ချွေးစေးများနှင့် ညီးစီစီ ဖြစ်နေသည့် မျက်နှာကို ပွတ်သုတ်လိုက်ရင်း..


“ကျနော် တလှည့် ပြန်မောင်းရမလား အမွန်..”

“နေပါ.. ရှင်တစ်ညလုံး မောင်းလာတာ ပင်ပန်းနေပြီ.. ပြီးတော့ ရှင် သွေးသွေးကို တအားစိတ်ပူနေတယ် မဟုတ်လား.. တောင်တက်လမ်းကို အလောသုံးဆယ် မောင်းမှာ ကျမ မစီးရဲဘူးရှင့်.. ကျမလည်း ရှင်တို့လို ချစ်ဖူးချင်သေးတယ်.. ခိခိ..”

“ဟုတ်ပါပြီဗျာ.. ခင်ဗျားလည်း တကယ်စိတ်ကောင်းရှိပြီး ထက်မြက်တဲ့ မိန်းကလေးပါ အမွန်.. ကျနော် ပြောရဲပါတယ်.. ခင်ဗျားကော ခင်ဗျားကို ရတဲ့ယောင်္ကျားကော ကံကောင်းမှာပါ..”

“ကျေးဇူးတင်ပါတယ်ရှင်.. ခုတော့ ရှင်ပြန်အိပ်လို့ရပါသေးတယ်.. တစ်နာရီလောက်ပေါ့ နော့..”

“ရတယ်.. ကျနော် အိပ်ရေး ဝ ပါပြီ..”

“အော်.. ကြိုပြောထားဦးမယ်.. ရှင့်ကို ကျမ သွေးသွေး ရှိတဲ့ အိမ်ရှေ့ပို့ခဲ့ပြီး (…..) ဟိုတယ်မှာ ပြန်တည်းမှာနော်.. ရှင်တို့ချင်း စကားအေးအေးဆေးဆေးပြောပြီးရင် ကျမဆီ ကားလာယူလိုက်.. ဟိုတယ်လိပ်စာ သွေးသွေး သိတယ်.. ရှင်တို့တော့ ရောက်တုန်းရောက်ခိုက် နှစ်ရက်သုံးရက် နားချင်လည်း နားကြဦးပေါ့.. ကျမကတော့ နက်ဖြန် ပြန်ဆင်းမှ ဖြစ်မယ်..”

“အိုကေပါဗျာ..”


          ပြင်ဦးလွင်၏ ရာသီဥတုက အေးမြနေသည်။ စိမ်းစိုသော မြင်ကွင်းနှင့် တိုက်ခတ်နေသော လေတွင် သင်းပျံ့ လတ်ဆတ်သော ရနံ့ တစ်မျိုး ပါဝင်နေသယောင်။ ကားပေါ်မှ ဆင်းကာ ခြံတံခါးကို အသာ တွန်းဖွင့်လိုက်၏။ ခြံစည်းရိုး နိမ့်နိမ့်လေးနှင့် လှမ်းမြင်နေရသည့် အိမ်ပုလေးက ချစ်စရာပင်။ ပုံပြင်ဆန်ဆန် ဆောက်လုပ်ထားသော အိမ်ကလေး။ နံရံကို သဘာဝ အုတ်ခဲ အရောင်အတိုင်း အုတ်ကွက်ဖော်ထားသည်။ စိမ်းပုပ်ရောင် အုတ်ကျွတ် အမိုးနှင့် မီးခိုးခေါင်းတိုင်လေးက ပန်းချီဆန်လှသည်။ ချွန်မြင့်မြင့် ခေါင်မိုး ပုံစံကြောင့် ထပ်ခိုးခန်း ရှိမည့်ပုံပင်။ ခြံထဲတွင်လည်း အမျိုးအမည် မသိသော ရောင်စုံပန်းပင်လေးများ။ မြင်လိုက်ရသည်နှင့်ပင် အိမ်ပိုင်ရှင်၏ နူးညံ့သော စိတ်ကူးယဉ်ဆန်မှုကို သိသာစေသည်။ ကြည့်ရင်းကြည့်ရင်း သည်အိမ်ကလေးကို မြင်ဖူးသလိုလို တွေးမိလာ၏။ အိုးး.. ငါတို့ အတူဆွဲခဲ့တဲ့ ဒီဇိုင်းလေးပဲ။ အွန်လိုင်း ချစ်သူဘ၀က ၀ါသနာတူ လုပ်ငန်းတူ သူတို့နှစ်ဦး တိုင်ပင်ကာ အိမ်ဒီဇိုင်းလှလှလေးများ ဆွဲခဲ့ကြသည်။ ပုံကြမ်းဖိုင်လ်များ အပြန်အလှန် ပို့ပေးရင်း သူ့အကြိုက် ကိုယ့်အကြိုက် ရောယှက်ကာ တူတူ ဆွဲခဲ့ကြသည့် အိမ်ကလေး။ ချစ်သူသက်တမ်း တစ်နှစ်ကျော် အချိန်အတွင်း သည်အိမ်လေးကို သူမ တကယ်ဆောက်ထားမည်ဟု ယောင်၍ပင် မတွေးခဲ့မိပါ။


         ကို့ကို သည်လောက်တောင် ချစ်ခဲ့သလား ငယ်ရယ်။ သည်လောက်ချစ်လျက်နဲ့ ဘာလို့များ ကို့ကို အကုန်မပြောပြခဲ့တာလဲ။ ရင်နာစရာတွေ တပွေ့တပိုက်ကြီးနဲ့ ငယ်လေး ဘယ်လောက်တောင် ပင်ပန်း ရှာလိုက်မလဲ။ စိတ်ထိခိုက်လွယ်သော ချစ်သူလေးကို ပိုကဲလွန်းသည်ဟု သူ မမြင်ရက်နိုင်ပါ။ ကို ရောက်လာပြီ ငယ်ရေ.. ပုန်းဖို့ မကြိုးစားပါနဲ့တော့လား။ ချစ်စရာ အိမ်ကလေး ဆီသို့ တစ်လှမ်းခြင်းလျှောက်လာသော သူ့ခြေလှမ်းများ တုန့်ကနဲ ရပ်တန့်သွားရသည်။ ဖြူလွလွ ဂါဝန်ရှည်လေးနှင့် အိမ်နောက်ဖက်ဆီ တရွေ့ရွေ့သွားနေသော မိန်းကလေးတစ်ဦး။ ဘုရားဘုရား အိပ်မက်ဆိုးထဲက မြင်ကွင်းနဲ့ တစ်ထပ်တည်းပါလား။ အိမ်နောက်ဖက်မှာ ချောက်တွေ ဘာတွေများ ရှိနေမလား။ သူမ အနားသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။ အော်ခေါ်နေလျှင် ထွက်ပြေးသွားမှာ စိုးသောကြောင့်ပင်။


         နောက်ဖက်မှ ပြေးလာသံကြောင့် လှည့်ကြည့်လိုက်သော ပန်းနုသွေး။ ရုတ်တရက် မျက်လုံးလေး ပြူးကျယ် ဝိုင်းစက် သွားတော့၏။ “ကို..”အိပ်မက်များလား.. ဒါမှ မဟုတ် တကယ် ကို ပဲလား။ ကြောင်ငေးကြည့်နေသော သူမ အနားသို့ ရောက်သည်နှင့် အတင်း ဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့၏။ “ငယ် ရယ်.. ဘယ်လို လုပ်လိုက်တာလဲ.. ကို ရူးတော့မလို့..” သူမကိုယ်လုံး အိအိကလေးကို တင်းကျပ်နေအောင် ဖက်ထားရင်း ပြောလိုက်သည်။ ရင်ခုန်သံများကလည်း ရထားတစ်စင်းလိုပင်။ “ကို.. ကို ဘယ်လို လုပ်ပြီး…” တိုးသက်သော မေးခွန်းလေးမဆုံးလိုက်။ ပြင်းရှသော အနမ်းတို့ဖြင့် နှုတ်ပိတ်ခြင်း ခံလိုက်ရသောကြောင့်ပင်။ အားပါးတရ ရှိုက်နမ်းလို့ ပြီးမှ သူမ ပခုံးလေး နှစ်ဘက်ကို ကိုင်ရင်း..


“ငယ်…”

“ကို.. ”

“ရက်စက်တယ်ကွာ.. ကို့ အချစ်ကို မယုံတာလား ငယ်လေးရယ်..”

“ကို့.. ငယ် ရှင်းပြ..”


         သူမနှုတ်ခမ်းလေးကို လက်ညှိုးနှင့် အသာ ဖိကာ ပိတ်စေလိုက်သည်။ “ကို အကုန်သိပြီးပြီ ငယ်.. အရာရာကို ငယ့်ရှေ့ကနေ ရင်ဆိုင်ဖြေရှင်းနိုင်ဘို့ ကို့ကို အခွင့်အရေး ပေးစေချင်တယ်.. ” နွမ်းလျှနေသော မျက်ဝန်းလေးများတွင် မျက်ရည်ကြည်တို့ ချက်ချင်းပင် ဝေ့တက်လာတော့၏။ ပါးပြင်ထက်ရှိ သွေးကြောမျှင်လေးများလည်း ပန်းနုရောင် ယှက်ဖြာလာသည်။ တုန်ရီနေသည့် နှုတ်ခမ်းလေးက ပြုံးယောင်ယောင်။ “ကိုရယ်.. ကျေးဇူး..” သည်တစ်ကြိမ်လည်း သူမ စကား မဆုံးခဲ့ပါ။ စွတ်စို နွေးထွေးသော ကို့ အနမ်းတို့က စကားလုံးများကို အနိုင်ယူသွားပြန်သည်။ ခွင့် မပြုနိုင်ဘူးငယ်။ သည်နေ့က စပြီး မင်းပြောမယ့်စကား.. မင်းလုပ်မယ့် အလုပ်.. နောက်ဆုံး မင်းတွေးမယ့် အတွေးကအစ ကို ပိုင်တယ်.. ကို့ ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးပဲ နေပေးပါ။ မင်းလေး ဘဝမှာ သောက ဆိုတာ မြူတစ်မှုံစာတောင် ရှိမလာအောင် ကို တာဝန် ယူပါရစေ..။ စိုးရိမ် ထိတ်လန့်မှုတွေ.. အရှက် အကြောက်တရားတွေ.. ကျရောက်လာမယ့် အခက်အခဲတွေ အားလုံး မင်းလေးဆီ ရောက်မလာအောင် ကို ကာကွယ်ပါရစေ..။ ချစ်သူ့ ရင်ထဲမှ ပြောနေသော စကားလုံးတို့ကို ပန်းနုသွေး နှလုံးသားက အသေအချာပင် ကြားလိုက်ရပါသည်။ ချစ်သူ့ ရင်ခွင်တွင် မှေးစက်ခိုဝင်ရင်း သူမ ရင်ထဲမှလည်း လှိုက်လှဲသော စကားတို့ကို ထပ်တလဲလဲ ရေရွတ်နေမိတော့သည်။


“ကိုရယ်.. ကိုက ငယ့် အတွက် အလင်းရောင်ပါ.. အေးစက်နေတဲ့ ငယ့်နှလုံးသွေးတွေကို နွေးထွေးစေတဲ့သူပါ.. ငယ့်ကို အိပ်မက်ဆိုးကနေ နိုးထ စေတဲ့သူပါ.. တိမ်မှောင်တွေ ဖုံးအုပ်နေတဲ့ ငယ့် ဘဝအတွက် ကိုက တကယ့်ကိုပဲ မိုးသောက် အလင်းကို ပေးစွမ်းတဲ့သူပါ ကို…”



          မကြာမီ မင်္ဂလာပွဲဆင်နွှဲမည့် သတို့သမီးကတော့ဖြင့် မည်သို့နေမည် မသိ။ အမွန်တစ်ယောက်ကတော့ မင်္ဂလာ အခန်းအနား စီစဉ်သူဘ၀သို့ အလိုလိုရောက်နေရပြန်ပါသည်။ ချစ်သူငယ်ချင်း၏ တစ်သက် တစ်မင်္ဂလာ ပွဲအတွက် လိုလေသေးမရှိအောင်စီစဉ်ရင်း မောရသည်ပင်မရှိ။ အလုပ်ထဲမှ ၀န်ထမ်းကလေးများကပင် သူမအား နောက်ပြောင်နေကြသေးသည်။ မမမွန် အစမ်းလေ့ကျင့် နေသည် ဆိုပဲ။ တစ်ကိုယ်ရေသမားဖြစ်သူ မိုးသောက်လင်းကလည်း စုဆောင်းထားသမျှ ငွေကြေးတို့ကို သတို့သမီးလက် အပ်ကာ စိတ်ကြိုက် စီစဉ်စေ၏။ ပန်းနုသွေး စိတ်ကြိုက် ဆိုသည့်နောက်တော့ အမွန့်ခြေ အမွန့်လက် ဖြစ်ရပြန်သည်ပေါ့။ အမွန့်ကို အားကိုးပါသည် ဟူသော ခေါင်းစဉ်ဖြင့် အရာရာ ညာခိုင်းနေသည့် သူငယ်ချင်းစုံတွဲကို မျက်စောင်း အချီချီထိုးရင်း ယခုလည်း ညနေခင်း ဒင်နာပွဲအတွက် အ၀တ်အစားမှ အစ လိုအပ်သည်များ ပြင်ဆင် ၀ယ်ခြမ်းရန် ဗိုလ်ချုပ်ဈေးအတွင်းသို့ ရောက်လာခဲ့သည်။


“ဟဲ့ ဘယ်သူများလဲလို့ နင် ရည်ရည်မွန် မဟုတ်လား..”

“ဟယ်.. ခိုင်.. ထက်ထက်ခိုင် ဟုတ်ပါတယ်နော်..”

“အွန်းး မနဲကြည့်ယူရတယ် အမွန်ရယ်.. မတွေ့ဖြစ်တာမှ သုံးနှစ်လား ရှိသေးတာ..”

“ငါ့ပဲပြောနေ.. နင်လည်း ၀ လာလိုက်တာ.. မိန်းမ.. နင် လင်ရနေပြီလား..”

“ခိခိ.. ရခါနီးပြီလေ.. မိသွေးသွေးတစ်ယောက်ကော ဘာတွေလုပ်နေလည်း..”

“အေး.. သူလည်း လင်ယူဘို့ လုပ်နေတယ်..”

“ဟယ်.. တကယ်လား.. ဘယ်သူနဲ့လဲ.. အဲ.. ဒါထက် သွေးသွေး ဆိုလို့ သတိရတုန်း ပြောဦးမယ်.. နင်ကြားပြီးပြီလား အမွန်.. ဟိုကောင် ဥဂ္ဂါအကြောင်းလေ..”

“အဲ့ ဘိန်းစားအကြောင်းများ ငါက ကြားစရာလားမိခိုင်ရယ်.. လွတ်လာရင် လေထု ညစ်ညမ်းဦးမယ့်ကောင်..”

“လွတ်တော့ဘူးလေ.. သေပြီဟာကို..”

“ဘယ်လို ဘယ်လို.. နင်ဘာပြောလိုက်တာလည်း မိခိုင်..”

“ထောင်ထဲမှာ ဆုံးသွားတယ်တဲ့ ဟ.. ငါကြားတာ တစ်လလောက် ရှိပြီ..”

“တကယ်.. ! ”

“အွန်း.. နင်တို့ တကယ် မသိဘူးလား.. ငါက သိမယ် ထင်နေတာ.. ဒါနဲ့ပြောစမ်းပါဦး သွေးသွေးက ဘယ်သူနဲ့ ယူမှာတုန်း.. သတို့သားက ဘယ်ကတုန်း.. မင်္ဂလာဆောင် ငါ့ မဖိတ်လို့ကတော့ အကြောင်းသိမယ်နော် ကောင်မတွေ..”

“အေးပါ.. ငါပြောလိုက်ပါ့မယ်.. ခုလောလောဆယ်တော့ ဥဂ္ဂါ တကယ်သေပြီလား ဟုတ်လား.. နင် ဘယ်က ဘယ်လိုကြားတာလဲ.. ငါ့ သေချာပြောပြစမ်းပါဟယ်..”

“ဟမ်.. စောစောက ပြောတော့ ဘိန်းစားအကြောင်း ကြားစရာလား ဆို..”

“အော်.. နင်ကလည်းဟယ်.. ကြားမိတဲ့နောက်တော့လည်း..”

“ငါလည်း ဒီကောင်သေပြီဆိုတာပဲ သိတာဟ.. သီဟတို့ ကိုလင်းတို့တော့ သူ့အိမ်မှာ ရက်လည် ဆွမ်းကျွေးတုန်းက ရောက်သေးတယ်ပြောတယ်.. ထောင်ထဲမှာသေတာဆိုတော့ အပြစ်က လွတ်ပြီလား မလွတ်ဘူးလား.. ငါလည်း သိပ်နားမလည်ဘူး..”

       
         ဥပဒေ၏ သဘောတရားများကို အမွန်လည်း နားမလည်ပါ။ သို့သော် ဥဂ္ဂါ အပြစ်မှ လွတ်သည်ဖြစ်စေ မလွတ်သည် ဖြစ်စေ အပြစ်မဲ့သော ချစ်သူငယ်ချင်း ပန်းနုသွေး တစ်ယောက်ကတော့ဖြင့် နှစ်ရှည်လများ မက်ခဲ့ရရှာသည့် အိပ်မက်ဆိုးများမှ လွတ်မြောက်ခဲ့ပြီ မဟုတ်ပါလား။ လူ့အသက်တစ်ချောင်း ဆုံးရှုံးခြင်းသည် မင်္ဂလာ ကိစ္စ မဟုတ်ပါသော်လည်း ယခုကြားရသည့် သတင်းကတော့ အမွန့်အတွက် ၀မ်းသာစရာ မင်္ဂလာသတင်း ဖြစ်သွားပါတော့သည်။ ထက်ထက်ခိုင်နှင့် နှုတ်ဆက် လမ်းခွဲပြီး အိတ်ထဲမှ ဖုန်းကို ထုတ်ကာ သွေးသွေး ဆီသို့ ခေါ်ကြည့်လိုက်တော့.. “လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ…” ။ အမွန်တစ်ယောက် နှစ်ခြိုက်စွာပြုံးမိရင်း ခေါင်းလေး တငြိမ့်ငြိမ့်နှင့် ဖုန်းကို ပြန်သိမ်းလိုက်တော့၏။ အင်းလေ.. သူတို့နှစ်ယောက် ခုလောက်ဆို အိပ်မက်ဆိုးများ လွန်လေသော ဆက်သွယ်မှုဧရိယာ ပြင်ပတစ်နေရာကို ရောက်နေကြမှာပေါ့။

<<<<< ပြီးပါပြီ >>>>>

No comments:

Post a Comment